International News

အီးယူက အင်ဒိုနီးရှားနိုင်ငံနှင့် ကုန်သွယ်မှုနှင့် သံတမန်ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်လာ

Last Updated:

အီးယူနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် သံတမန်ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိနေပါသည်။ အင်ဒိုနီးရှားနိုင်ငံ သည် အရှေ့တောင်အာရှနိုင်ငံများအနက် အီးယူ၏ ပဉ္စမမြောက်အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုမှာ ယူရို (၂၅.၂၉) ဘီလီယံရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ်ထက် ၂၀ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပါသည်။ သို့သော် ဗီယက်နမ်နိုင်ငံနှင့် ကုန်သွယ်မှု၏ ထက်ဝက်ကျော် တွင်သာ ရောက်ရှိနေပါသည်။

အီးယူနိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Mr. Josep Borrell သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်း အင်ဒိုနီးရှားနိုင်ငံသို့ စတင်လည်ပတ်ခဲ့ပြီး နောက် ယခုနှစ် အင်ဒိုနီးရှားနိုင်ငံက ဥက္ကဌအဖြစ် ဆောင်ရွက်ကျင်းပပြုလုပ်သည့် G20 အစည်းအဝေးသို့လည်း ထပ်မံလာရောက်ခဲ့ပါသည်။ အီးယူ ကုန်သွယ်ရေးကော်မရှင်နာဖြစ်သူ   Mr. Valdis Dombrovskis ကလည်း အင်ဒိုနီးရှားနိုင်ငံနှင့် Free trade agreement ဆွေးနွေးညှိနှိုင်းမှုများ ၂၀၂၄ ခုနှစ်တွင် သဘောတူညီချက်များ ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားပါသည်။ အီးယူနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ၂၀၁၆ ခုနှစ်က စတင်ဆွေးနွေးခဲ့သော Comprehensive Economic Partnership Agreement (CEPA) ကိုလည်း ပြန်လည်ညှိနှိုင်းဆွေးနွေး၍ သဘောတူညီချက် များရရှိနိုင်ရန် ဆောင်ရွက်မည့်အစီအစဉ်များလည်း ရှိနေပါသည်။ အီးယူအနေဖြင့် ၂၀၂၃ ခုနှစ်တွင် အာဆီယံ ဥက္ကဌဖြစ်လာမည့် အင်ဒိုနီးရှားနိုင်ငံ တွင် အခြေစိုက်၍ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းမှုများတိုးမြှင့် ဆောင်ရွက်လိုသည့် အလားအလာများလည်း ရှိနေပါသည်။

အင်ဒိုနီးရှားနိုင်ငံသည် ဒေသတွင်းတွင် စီးပွားရေးအရ ပိုမိုဆွဲဆောင်မှုရှိလာပြီး ၂၀၃၀ ပြည့်နှစ်တွင် အရှေ့တောင်အာရှဒေသ၏ အကြီးမားဆုံး ဒစ်ဂျစ် တယ်စီးပွားရေးအင်အားစုဖြစ်လာရန် ရည်မှန်းဆောင်ရွက်နေခြင်း၊ နည်းပညာပိုင်းကုန်ထုတ်လုပ်မှုကဏ္ဍ လျင်မြန်စွာတိုးတက်လာနေခြင်း တို့ရှိနေကြောင်း အင်ဒိုနီးရှားနိုင်ငံ အခြေစိုက်လေ့လာ သုံးသပ်သူများက ပြောကြားပါသည်။

အင်ဒိုနီးရှားနိုင်ငံသည် ဒေသတွင်းတွင် နည်းပညာပိုင်းဆိုင်ရာ supply chain အတွက် ဦးတည်ကြိုးပမ်းလျှက်ရှိပြီး လျှပ်စစ်ကားများအတွက် lithium ဘက်ထရီများ ထုတ်လုပ်ဖြန့်ဖြူးမှုတွင်လည်း ဈေးကွက်နေရာ ရယူဆောင်ရွက်လျှက် ရှိပါသည်။ European Investment Bank (EIB) သည်လည်း ၎င်း၏ အာရှ-ပစိဖိတ်ဒေသရုံးခွဲကို ဂျာကာတာမြို့တွင် စက်တင်ဘာလအတွင်းက ဖွင့်လှစ်ခဲ့ပြီး EIB ၏ ဒုတိယဥက္ကဌဖြစ်သူ Mr. Kris Peeters က အင်ဒိုနီးရှားနိုင်ငံစီမံကိန်းတွင် တစ်နှစ်လျှင်ယူရို (၁) ဘီလီယံ ရင်းနှီးမြှုပ်နှံရန်ရှိကြောင်း၊ အရှေ့တောင်အာရှဒေသတွင်း ဖွံ့ဖြိုးတိုး တက်မှု၊ အစိမ်းရောင်စွမ်းအင်ကဏ္ဍ၊ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဒဏ်များ ကာကွယ်ထိန်းသိမ်းမှုတို့အတွက် မိတ်ဘက်နိုင်ငံ များအဖြစ် ပူးပေါင်းဆောင် ရွက်သွားလိုကြောင်း ပြောဆိုပါသည်။

အီးယူနှင့်အင်ဒိုနီးရှားနိုင်ငံတို့အကြား ၂၀၂၀ခုနှစ် အတွင်း ကုန်သွယ်မှုဆိုင်ရာအငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် တိုင်ကြား မှုများရှိခဲ့ပြီးနောက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ယခုနှစ်ဧပြီလအတွင်း လေ့လာသုံးသပ်မှုများပြုလုပ်ပြီးစီးခဲ့ပြီး နှစ်ကုန်ပိုင်းတွင် အစီရင်ခံစာ ပေါ်ထွက်လာရန် မျှော်လင့်ထားရှိပါသည်။ နှစ်ဦးနှစ်ဘက်အကြား ကုန်သွယ်ရေးပိုင်း ညှိနှိုင်းဆောင်ရွက်နိုင်ပြီး ဆက်ဆံမှုများ တိုးမြှင့်သွားနိုင်ရေးကို မျှော်လင့်ဦးတည်လျှက်ရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)
Source: https://www.dw.com/en/eu-races-to-strengthen-trade-and-diplomatic-ties-with-indonesia/a-63367502

 

Category: International News